HashOcean

Friday, May 2, 2014

မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသောနေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်

ရခိုင်ဘုရင် စန္ဒသူရိယဘုရင် လက်ထက်က မဟာမြတ်မုနိ ကိုယ်စားတော်မြတ်ကို သွန်းလောင်း ပြီးစီးသည့် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ရခိုင်အမျိုးသား ညီလာခံက သတ်မှတ်လိုက်ကြောင်း ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မတီ (ကျောက်ဖြူညီလာခံ) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က ပြောကြားသည်။

ရခိုင်အမျိုးသားနေ့ ရွေးချယ်မှု မူဘောင်များအရ ရခိုင်အမျိုးသားနေ့ကို မဟာမြတ်မုနိ ကိုယ်စားတော်မြတ်ကို သွန်းလောင်း ပြီးစီးသည့်နေ့၊ ရခိုင်အမျိုးသားညီလာခံ စတင်ကျင်းပသည့် ဧပြီလ ၂၇ ရက်နေ့ (တန်ခူးလပြည့်ကျော် ၁၃ ရက်နေ့) နှင့် ဘုရင်မင်းစောမွန် မြောက်ဦးမြို့ စတည်သည့် တော်သလင်းလဆန်း တစ်ရက်နေ့ သုံးနေ့ကို ပဏာမ ရွေးချယ်ထားသည့် အနက် အဆိုပါနေ့ကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် ကိုယ်စားလှယ်များက မဲဆန္ဒနှင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသည့်နေ့ကို မြို့နယ် ၁၂ မြို့နယ်က ဆန္ဒမဲပေးခဲ့ပြီး ရခိုင်အမျိုးသား ညီလာခံ စတင် ကျင်းပသည့်နေ့ကို လေးမြို့နယ်က ဆန္ဒမဲပေးကာ မြောက်ဦးမြို့ စတည်သည့် နေ့ကို မြို့နယ်တစ်ခုကသာ ဆန္ဒမဲပေးခဲ့ကြောင်း ဒေါက်တာစံလှကျော်က ပြောဆိုသည်။

ရခိုင်သမိုင်းစဉ် တစ်ခုလုံးကို ကိုယ်စားပြုနိုင်နေသောနေ့၊ ရခိုင်ရိုးရာ ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးစံများ၊ အမျိုးသားနိုင်ငံရေးဆန်ပြီး ရခိုင်အမျိုးသား သမိုင်းဟူ၍ ထင်ထင်ရှားရှား၊ ထည်ထည်ဝါဝါ တည်ရှိမှုနှင့် လူမျိုးဂုဏ်ဒြပ်ကို ဖော်ကျူးနိုင်သည့်နေ့၊ ရာသီဥတု၊ ခြေခင်းလက်ခင်း သာယာပြီး တောင်သူလယ်သမားများ အားလပ်သည့် ဗုဒ္ဓဘာသာဆိုင်ရာ အခါကြီး၊ ရက်ကြီးများနှင့် လွတ်ကင်းသည့်နေ့၊ ရခိုင်ပြည်သူ တစ်ရပ်လုံး၏ အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို ရှေးရှုသောနေ့ အချက်များ အပါအဝင် အချက် ရှစ်ချက်ဖြင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း ကော်မတီထံမှ သိရှိရသည်။

ရခိုင်အမျိုးသားညီလာခံတွင် မဟာမြတ်မုနိ သွန်းလောင်း ပြီးစီးသည့် နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း၊ လာမည့် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကမှ စ၍ ရခိုင်အမျိုးသားနေ့ကို ရာသက်ပန် ကျင်းပသွားပြီး ရခိုင်တိုင်းရင်းသားများ၏ ဂုဏ်ကို မြှင့်တင်သွားရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“ကိုယ်တိုင် ပြဋ္ဌာန်းတဲ့နေ့ကို ကိုယ်တိုင် တန်ဖိုးထားရဖို့။ ကျွန်တော်တို့ တန်ဖိုးထားမှ ရခိုင်တိုင်းရင်းသားများကို ကျန်တိုင်းရင်းသားတွေက တန်ဖိုးထားနိုင်မယ်။ နေ့တစ်ခု သတ်မှတ်ပြီးတော့ မေ့မေ့လျော့လျော့ နေလို့ မရဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်တိုင်းရင်းသားများ သဘောဆန္ဒဖြင့် သတ်မှတ်လိုက်သည့် ရခိုင်အမျိုးသားနေ့ကို ပြည်ထောင်စုအစိုးရက တရားဝင် သတ်မှတ်ပေးရန် လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြသွားမည် ဖြစ်ကြောင်း ဒေါက်တာစံလှကျော်က ပြောဆိုသည်။

The Voice Weekly
ကွန်ပျူတာဆိုင်ရာ၊ မိုဘိုင်းဖုန်းဆိုင်ရာ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံလင်စွာဖတ်ရှုနိုင်ဖို့ ယခုပဲ Like လုပ်လိုက်ပါ ... Please Share This Post
Facebook မှမလွတ်တမ်းဖတ်ရှုလိုပါက follow ကိုနှိပ်ပါ။ Confirm ကိုထပ်နှိပ်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။
Myanmar Techno Library
*******************************************************************

0 comments:

Post a Comment

နည်းပညာကဏ္ဍ၊ စာပေကဏ္ဍ၊ ဖျော်ဖြေရေးနှင့်သတင်းကဏ္ဍစုံ ...
Free Download Full Version Softwares & Applications For Your Computers & Mobile Devices ...